Wednesday, September 23, 2009

လောကဒဏ်


လောကဒဏ် ရိုက်ခတ်မူတွေကြား
အဖေမဲ့လို့ အမေမသိ ကြီးပြင်းလာခဲ့ရတယ်
လူငယ်ပီပီ အတုမြင် အတတ်သင်လို့
ဒီအမှောင်တွေထဲ ကြီးပြင်းလာခဲ့
ငွေဆိုတာ လူကြံရင် ဖြစ်တယ်ဆိုတဲ့အတွေး
အဟုတ်ထင်လို့ ထင်ရာစိုင်းခဲ့ပြန်တယ်
င့ါအိမ်မက်ကမ္ဘာနဲ့ လက်တွေ့ဘ၀…….

ငါ့ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်တော့
တောင်လိုပုံနေတဲ့ အမှိုက်တွေ
ငါ့ဇနီးက ငါ့ရဲ့ ညာလက်ရုံးပေါ့
ဒီအမှိုက်တွေကြားမှာ ငါဘုရင်၊ ငါသာအရှင်
င့ါကိုအံတုမဲ့သူမရှိ
တနေ့တကြိမ် တ၀မ်းဝလျှင်ဖြင့်
ငါတို့ဘ၀ ပြည့်စုံပြီးလို့ ထင်မှတ်စရာ…….

အရောင်တွေ စုံနေတဲ့မြို့ပြကြားတွေထဲ
ကားဟွန်းတီးသံတွေ တိတ်ဆိတ်လို့
အရက်ခွက်တွေ ကြားထဲက အော်ဟစ်ရီမောသံတွေ
ထမင်းနပ်မှန်ဖို့ ပေးဆပ်ခဲ့ရတဲ့ ဒီဘ၀တွေ
အရောင်ရင့် နှုတ်ခမ်းနီကို ဆိုးလို့
ဘ၀ရဲ့ လောကဒဏ်ကို ကျော်ဖြတ်ရင်း
ဒီဘ၀တွေ ပျက်ဆီးခဲ့ရတယ်……….


ရိုးသားကြိုးစားမူနဲ့ ရုန်းကန်ခဲ့ဖူးပေမဲ့
မမျှတတဲ့ ညီမျှခြင်းတွေကြားမှာ
ငါနေထိုင် တတ်ခဲ့ပြန်တယ်
ချမ်းသာမူကို မက်မောတတ်တဲ့ သမီးပျိုတွေ
ကာမပိုင် လင်ယောကျာင်္းတွေဆီကို သွေးဆောင်တတ်လာတယ်
အချိန်တန် အိမ်ဟောင်းဆီပြန်ချိန်ရောက်တော့
ငါ့တို့လို မိဘမဲ့တွေ ထပ်တိုးလာတယ်……….

မနက်လင်းအာရုံကနေ ညနေမိုးချုပ်
ရုန်းကန်ခဲ့တဲ့ ငါတို့ဘ၀ လက်ထဲမှာက ငွေဗလာ
အနာဂတ်ဆိုတာ နတ္တိ၊ မရေရာ ဒီဘဝ
သတ္တိတွေမွေးလို့ တိုင်းတပါးမှာ ရရာအလုပ်
သွေးချွေးမြေခလောက်အောင် လုပ်ခဲ့ရတယ်
မွေးလာကလေး မြန်မာ့သွေးအစစ် မွေးစာရင်းမရှိ
နိုင်ငံမဲ့တဲ့ ရင်နာစရာ ရွှေပြည်ကြီးရယ်……..

အရာအားလုံးဟာ ဘုရားသခင် သတ်မှတ်ပြီးသားဆိုပေမဲ့ တခုခုကို လိုချင်ရင်တော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်လဲ လိုအပ်ပါတယ်။ ဒီအတိုင်း ထိုင်စောင့်နေရုံ၊ ပါးစပ်ကလိုချင်တယ်အော်နေရုံလောက်ဖြင့် လိုချင်တာတွေ မရနိုင်ပါဘူး။ အားလုံး အဆင်ပြေ ချော့မွေ့သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ.....



လေးစားလျက် တောင်ပေါ်သား


17 comments:

မေသူ said...

အိမ်းးးးး ဘဝအထွေထွေပေါ့လေ။

ချမ်းသာချင်တယ်...သူများအောက်မှာ အောက်ကျခံ မလုပ်နိုင်...အလွယ်လိုက်တဲ့သူတွေများလာရင် ပျက်စီးတဲ့သူတွေများလာဖို့ အသေချာပဲ။

ဟုတ်ပါတယ်... ဘုရားး ဘုရားး တနေလို့ ဘာမှမထူးဘူး။ ကိုယ့်ကိုယ်လေးမှ နည်းနည်း ပင်ပန်းမခံနိုင်ရင် အောက်ဆုံးကနေ တက်မှာမဟုတ်ပါဘူးလေ။

ငွေကြေးတတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ လောကလယ် တင့်တင့်တယ်တယ် နေနိုင်ဖို့ လက်မှုပညာလေးတွေ တတ်ကြရင်ကောင်းမယ် ထင်တယ်နော...

အဲလိုဆို အမှိုက်ကောက်တဲ့သူတွေ၊ ပျက်စီးနေတဲ့ မိန်းခလေးတွေများ နည်းသွားလေမလား... :) တွေးမိတာပါ။

ကိုတောင်ပေါ်ကဗျာက တော်တော်ကောင်းပါတယ်။

:)

September 23, 2009 at 3:24 AM
မိုးခါး said...

လူတွေကပဲ ခံနိုင်ရည်နဲတာလား
လောကဓံကပဲ ရိုက်ချက်ပြင်းတာလား
အသိဥာဏ်ဆိုတာလည်း လိုအပ်တယ်
အသိဥာဏ်ရဖို့ကလည်း ဗိုက်ဝမှ ရှာနိုင်မယ်
အသိဥာဏ်ရှိပြီးသား လူတွေတောင် ဗိုက်မ၀လို့ မိုက်မဲသွားကြတာတွေ တပုံကြီးရယ်

September 23, 2009 at 4:26 AM
flowerpoem said...

ဘ၀တွေအမျိုး၂ အစုံ၂ပါပဲ ကိုတောင်ပေါ်သားရေ.

September 23, 2009 at 6:38 AM
ကိုလူထွေး said...

ဒီနေ့ခေတ်ရဲ့ အောက်က ဘဝသရုပ်မှန်ကို ပြနေတဲ့ ကဗျာပဲ...

အရေးကောင်းပါပေ့ တောင်ပေါ်သားရေ...

စနစ်ပြောင်းမှသာ ဒီဒဏ်တွေက လွတ်မှာပါ

September 23, 2009 at 6:46 AM
yangonthar said...

ကဗျာလေးဖတ်သွားတယ် ကိုတော်ပေါ်သားရေ ဘဝထဲက ခါးသီးတဲ့ ပုံရိပ်တွေထင်ဟပ်နေတဲ့ သရုပ်မှန် ကဗျာလေး တစ်ပုဒ်ပါ ..... ဘဝဟာ ခါးသက်ရိုးမှန်ပေမယ့် .... လူတိုင်းရဲ့ ဘဝတွေ ချိုမြစေချင်တယ် သာယာစေချင်ပါတယ်
လေးစားလျှက်
ရန်ကုန်သား :)

September 23, 2009 at 6:56 AM
မေလေး said...

အားလုံးရဲ့  တရားခံက နင်ဘကြီးဘဲ တောင်ပေါ်ရေ။
ဒါဘဲပြောချင်တယ်။

September 23, 2009 at 7:17 AM
အဆိပ်ခွက် said...

ကိုတောင်ပေါ်က လေ.. အရက်ခွက်တောင်ပါလာပြိ.. တော် သေးတယ် အဆိပ်ခွက်မဟုတ်လို့အဟဲ...

ခင်မင်လျှက်
အဆိပ်ခွက်

September 23, 2009 at 8:40 AM
ကာရံဆူး said...

ကိုတောင်ပေါ်သား...ဘ၀ သရုပ်မှန်တွေ ထုတ်ပြန်တာ ကောင်းပါတယ်..ထိတယ်နော်..သဗ္ဗေ သတ္တာ ကမ္မသကာပေါ့...ကာရံကို အကြံလေးတွေ (အကျန် ဟုတ်ဘူးနော်) လာပေးသွားတာ ကျေးဇူးပါနော်..ဒါနဲ့ ဘယ်လက်ရုံးက ဘယ်သူလဲဟင်...(စ သွားသည်)

September 23, 2009 at 9:22 AM
kiki said...

ခေတ်တွေ စနစ်တွေကြောင့်
တချို့ တလေများမှာ
ဘဝ တခုရှင်သန်ဖို့ အတွက်
ဘဝနဲ့ ရင်းလိုက်ရတာတွေ....

တချို့ တလေများကြတော့
ဖြတ်လမ်းလိုက် ရေသာခိုချင်လို့
သိရဲ့  နဲ့  ဒီခရောင်းလမ်း ကို
ပန်းလို လျှောက်လှမ်းနေကြတာတွေ ....

ဆေးစက်ကျရာ က နေကြရသူတွေ ....

သူတို့ တွေ အားလုံး လောကဒဏ်ကို ကြံ့ ကြံ့ ခံနိုင်ကြပါစေ လို့ ..

( ဆရာပေါ်ရဲ့  ညာလက်ရုံး လေး မိတ်ဆက်ပေးအုံးလေ ..) ဒိုင်လျှိုထားတာ ခုမှ ပေါ်တော့တယ် ..ပေါ်ပေါ်ရယ်...

ခင်မင်လျှက်
မကိ ။

September 23, 2009 at 1:03 PM
ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာလာဖတ်သွားပါတယ် အားပေးလျက်ပါ။

September 23, 2009 at 1:40 PM
စည်သူ said...

ကဗျာက အခုခေတ်ကို ဖော်ညွှန်း လိုက်တာပဲ..
အရေးအသား ကောင်ပါ့ ကိုတောင်ပေါ်သားရေ..

တိုတောင်းလှတဲ့ လူ့ဘဝကြီးထဲမှာ
မမှားဖူးသူ.. မမိုက်ဖူးသူ မရှိသလောက်ပါပဲ..

လိုချင်တပ်မက်မှု(လောဘ)ကြောင့်
ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုလည်း နှလုံးသွင်းမိတယ်

ပျော်ရွှင်ပါစေဗျာ..

September 23, 2009 at 1:41 PM
ဆောင်းနှင်းရွက် said...

ကံကြမ္မာကို ပဲ ပြော၇မလား
အသိညဏ်ကို ပဲ ပြောရမလား
ဘာကို ဘယ်လို ပြောရမလဲတောင်
မသိတော့ပါဘူးး .)
ဒါပေမယ့်
စပ်ထားတဲ့ ကဗျာလေးက
တော်တော် ရင်နာစရာ
ကောင်းတယ်ဗျာ ..>>>

September 23, 2009 at 3:09 PM
မချစ်ရ said...

လာလည်ကဗျာလေးဖတ်သွားပါတယ်
ကိုတောင်ပေါ်သားရေ....

September 23, 2009 at 3:28 PM
သံလွင် HeRo said...

ပထမတစ်ပိုဒ်ဖတ်ပြီးတော့ စိုင်းစိုင်းရဲ့
သီချင်းတစ်ပုဒ်ကိုသွားသတိရတယ်...
ငွေနောက်ကိုတစ်ကောက်ကောက်လိုက်ဆိုလား
ကိုယ်တိုင်ကမမော်ကြွားလည်းနာမည်ဆိုးနဲ့
ကျော်ကြားတယ်ဆိုလားပဲ...ဟီး

အမှိုက်တွေတောင်လိုပုံနေတော့လည်း
ချစ်ဇနီးလေးကိုတော့ ရှင်းခိုင်းမှပေါ့
မခိုင်းရက်ပဲနဲ့ ထိုင်ပဲကြည့်မနေနဲ့လေဗျာ...
ကိုယ်သာအရှင် ဖြစ်နေတော့လည်း
ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေတာဖြစ်မှာပေါ့
လောကကြီးမှာ နေတက်ဖို့နဲ့ ကျေနပ်ဖို့က
အရေးကြီးပါတယ်လေ...

ထမင်းနပ်မှန်ဖို့ အမြန်ဆုံးငွေရှာဖို့အတွက်
တော့လည်း မစွန့်လွှတ်ချင်ပဲနဲ့ ပျက်စီးနေတဲ့
ဘဝတွေပေါ့...မှန်လေစွဗျာ
လောကဒဏ်လို့ပဲဆိုရမှာပါ။

ငါးစားလျက်
သံလွင်ဟီးရိုး :P

September 23, 2009 at 5:33 PM
ဝက်ဝံလေး said...

ဦးလူထွေးပြောတာကို လုံးဝ ဥဿုန်မဘုတ်ဆုံ ထောက်ခံပါတယ် ဟိဟိ

တောင်ပေါ်သား ရောက် ရောက် ဖတ် ဖတ် မန့် မန့် ပြန် ပြန် ဘိုင် တာ့တာ

September 23, 2009 at 6:13 PM
ADDRESSEE said...

ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

September 25, 2009 at 5:24 PM
အိမ် said...

ဒါတွေရဲ့ အဓိက တရားခံ.. ဘယ်သူလဲ..??????

October 3, 2009 at 10:34 AM

Post a Comment