ချစ်သော တန်ဆောင်တိုင်

နိုဝင်ဘာ၊ ဒီဇင်ဘာဆို ကျနော်ရဲ့ မွေးရပ်မြေမှာ အတော့်ကို အေးနေလောက်ပြီ။ မနက်ခင်း နေရောင်ခြည် မရသေးခင် မြူတွေနဲ့ မှုန်ဝါးနေတဲ့ တောင်ပေါ်မြေရဲ့ အလှကို မမြင်ရတာလဲ နှစ်ပေါင်းမနည်းတော့...... မြူမှုန်တွေ ဝေနေတဲ့ တောင်ပေါ်က ထင်ရှူးပင်တွေရဲ့ အလှနဲ့ တောင်ကြီးမြို့လို့ ပြောလိုက်ရင် ခွဲခြားလို့ မရတဲ့ တောင်ချွန်းကြီးရဲ့ အလှ ဒါတွေ အားလုံးဟာ ကျနော်နဲ့ အနေဝေးလို့ တစိမ်းဆန်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကို ကြာခဲ့ပြီ......

မနက်စောစော အိမ်ရှေ့က ပဲပြုတ်လာရောင်းတဲ့ အဒေါ်ကြီးကိုလဲ သတိရသလို အိမ်ဘေးက တို့ဟူးနွေးဆိုင်လေးကိုလဲ သတိတရ ရှိလှသည်။ တို့ဟူးနွေး ပူပူလေးနဲ့ အခါးရေ (ရေနွေးကြမ်း) ကိုသောက်ရသည်က အရသာတမျိုး.... တခါတရံ မနက်စောစော အမေကြော်ပေးသည့် ထမင်းကြမ်းကြော်နဲ့ တို့ဟူးနွေးလေး တပွဲကို စားရသည်ကိုလဲ မမေ့.... မနက်စော အိမ်ရှေ့အပြင်ထွက်ကြည့်လိုက်လျှင် တဂျုန်းဂျုန်းနဲ့ ထော်လာဂျီအသံကိုကြားရမည်။ ရိုးသားလှသော တောင်သူဦးကြီးတွေ မနက်ခင်းစောစောသွားပြီး ဈေးခင်းဖို့ နေရာသွားယူကြခြင်းဖြစ်သည်။

တခါတရံ အပျင်းပြေ သူငယ်ချင်းရဲ့ ထော်လာဂျီကားနဲ့ လိုက်၍ ကျောက်တွင်းတွေနား ရောက်ဖူးသည်။ တောင်ကြီးမြို့ရှိ တောင်များတွင် ကျောက်တောင်များလဲ ရှိသည်။ ကျောင်တောင်များပေါ်တွင် ပါးလွှာသော မြေဆီလွှာအထပ်တွင် အပင်ကြီးငယ်များ ပေါက်ရောက်တတ်ကြသည်။ ထိုကြောင့် ကျောက်တောင်များကို ခွဲပြီး လမ်းခင်းကျောက်များ၊ အိမ်ဆောက်လျှင် သုံးဖို့ အုတ်ဘလောက်များ လုပ်ကြသည်။ သူငယ်ချင်းနှင့် လိုက်သွားသော ကျောက်တွင်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများမှာ သာမာန်လူတွေထက် ပိုမို ပင်ပန်းကြသည်။ ဒါပေမဲ့ သူတို့တွေရဲ့မျက်နှာများပေါ်တွင်တော့ အပြုံးများဖြင့်သာ....

ရိုးသားသော တောင်ပေါ်သူ/သားတို့သည် တနှစ်ပတ်လုံး ကြိုးစားလုပ်ကိုင် ရှာဖွေထားသမျှကို သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်လျှင် မိသားစုတွေ ပျော်ရွှင်စွာဖြင့် နွှဲပျော်ကြသည်။ အလှူအတန်း ရက်ရောကြသည်။ ကျနော်တို့ ငယ်စဉ်က မြို့လုံးကျွတ် ဘုံကထိန်ပွဲရောက်လျှင် ကျောင်းအတန်း တတန်းချင်းစီ အလှူငွေများ ကောက်ခံပြီး မိမိတို့ နှစ်သက်ရာ အရုပ်များလုပ်ကြသည်။ အရုပ်များပေါ်တွင် ငွေကြေးများ ကပ်၍သော်လည်းကောင်း၊ သင်္ကန်းများ၊ ဆွမ်းအုပ်များ၊ ဆပ်ပြာ၊စာအုပ် စသည်ဖြင့် အသုံးအဆောင်များကို ကြိုးနှင့် သေချာချည်နှောင်၍သော် လည်းကောင်း ထမ်းစင်များ ပြုလုပ်၍ မြို့လုံးကျွတ် လည့်လည်ပြသကြသည်။ မြို့နယ်၊ ရပ်ကွက်အလိုက်၊ ကျောင်းအလိုက် အားလုံးကို စုပေါင်း၍ လည့်လည်ကြသဖြင့် မနက်စောပိုင်းက စပြီး လည့်လိုက်သည့် ကထိန်ပွဲမှာ နေ့လည် ၂ချက်ထိုးလောက်မှ ပြီးတတ်သည်။ လမ်းဘေးတွင်လဲ သောက်ရေချမ်းစင်များ၊ မုန့်များချပြီး အလှူလုပ်သည့် လူတွေကလဲ တပုံတပင်။

ကျနော်တို့ တောင်ပေါ်သားများသည် ပွဲလန်းသဘင်ကို အတော့်ကို ခုံမင် နှစ်သက်ကြသည်။ သင်္ကြန်ဆိုလဲ သင်္ကြန်ပွဲတော်အလျှောက် ကျင်းပ ပျော်ရွှင်ကြသည်။ ဒါပေမဲ့ ယခုလို တန်ဆောင်တိုင်ပွဲချိန်လောက် ကျနော်တို့ တောင်ပေါ်သူ/သားတွေ မြတ်နိုးသည့် ပွဲ မရှိပေ။ တန်ဆောင်တိုင်သည် အခြား ပြည်နယ်နဲ့ တိုင်းများနဲ့ မတူ ကျနော်တို့ တောင်ကြီးမြို့တွင် ရိုးရာအမွေဟု ခေါ်ဆိုထိုက်သည့် မီးပုံးပျံပွဲတော် ရှိသည်။ မီးပုံးပျံပွဲတော်တွင် မီးပုံးပျံများပြုလုပ်၍ ဘုရားရှင်ကို ပူဇော်ကြသည်။ ကြက်ပျံမကျ စည်ကားလှသော ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် တောင်ကြီးသူ/သားတိုင်း၏ သွေးသားထဲ လှည့်ပတ်ဝင်နေသည်။ နှစ်စဉ် ရိုးရာမပျက် ဆင်နွှဲကြသည်။

မီးပုံးပျံဟု ခေါ်ဆိုရတွင်လဲ ရိုးရာထွက် ရှမ်းစက္ကူများကို တခုနဲ့ တခု ကော်ဖြင့် ကပ်ပြီး အပြင်ဖက်တွင် အလှအပ တန်ဆာဆင်ကြသည်။ မီးရှူး မီးပန်းများနှင့် လှပသည် မီးပုံးပျံများ ရှိသည်။ အပြင်တွင် မီးပုံးလေးများချိတ်ပြီး အလှလွှတ်ရသော စိန်နားပန်း ဟုခေါ်သော အလှပြမီးပုံးပျံများလဲ ရှိသည်။ နေလည်နေ့ခင်းတွင် ငှက်ရုပ်၊ ခိုရုပ်၊ ကြက်ရုပ် စသည်ဖြင့် တိရစ္ဆာန်ပုံစံလေးများ လုပ်ပြီး လွှတ်ကြသည့် နေ့ရုပ်အလှအပပွဲများလဲ ရှိသည်။ ယခုလို ခေတ်မီတိုးတက်သော ခေတ်တွင် နိုင်ငံတကာ အခန်းအနား ပွဲလမ်းသဘင်များ ဖွင့်ပွဲများတွင် လွှတ်တင်နေသော မီးရှူးမီးပန်များနှင့် မခြား လှပစွာ စီခြယ်ထားသည့် ရိုးရာလုပ် မီးရှူးမီးပန်းများကို မြင်ရသူတိုင်းက အံ့သြ ချီးကျူးကြရစမြဲ မင်သက်သွားရစမြဲ ဖြစ်သည်။

ကျနော်တို့ တန်ဆောင်တိုင်ကို အတုယူ၍ ကျင်းပကြသည့် မီးပုံးပျံပွဲတော်များ သတင်းများကိုလဲ ဖတ်မိသည်။ ကြားမိသည်။ ဒါပေမဲ့ ကျနော့် ရင်ထဲမှာ စိုးစေ့မျှ မနာလို ဝန်တိုစိတ် မရှိပေ။ ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော ကျနော်တို့ တောင်ပေါ်သူ/သားတိုင်း ရင်ထဲမှာက တခုသာ ရှိသည်။ တန်ဆောင်တိုင် မီးပုံးပျံပွဲသည် ချစ်သော ရှမ်းမြေ (တောင်ကြီး)မှ အစပြုခြင်းသာ.... ဘယ်သူတွေ ဘယ်လောက် လိုက်တုတု ကျနော်တို့ အားပေးသည် မြတ်နိုးသည်က တောင်ပေါ်မြေမှ တန်ဆောင်တိုင်ပွဲသာ ဖြစ်သည်....

ယခုလို တန်ဆောင်တိုင်နား ရောက်ပြီဆို ကျနော်တို့ တောင်ပေါ်သူ/သားတွေ မနေနိုင် မထိုင်နိုင်ဖြစ်တတ်စမြဲ၊ ပြည်ပရောက် ညီအကိုမောင်နှမတွေလဲ တယောက်နဲ့ တယောက် ဆက်သွယ်ပြီး တန်ဆောင်တိုင် မီးပုံးပျံပွဲအကြောင်း မေးကြစမြဲ။ ကျနော်သည်လဲ အခုဆို မရောက်နိုင်သေးသော ပွဲကို အဝေးမှ မျှော်နေရစမြဲ ဖြစ်သည်။ ဘယ်တော့မှ ကိုယ့်မွေးရပ်မြေ၊ ရိုးရာဓလေ့ကို မမေ့တတ်သော တောင်ပေါ်သူ/သားတွေကို မြင်ရ ကြားရသာ ပီတိဖြစ်ရစမြဲ။ ရိုးသားလှသော ဂုဏ်ပကာသနကင်းသော တောင်ပေါ်သား တယောက် တောင်ကြီးသား တယောက် ဖြစ်ရသာ ကျနော် ဂုဏ်ယူစမြဲသာ.......


လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်၊ ပြောဆိုနိုင်ခွင့် ရှိပါသည်။


လေးစားလျက်
တောင်ပေါ်သား
Read More

အလံ

တိုင်းပြည်တခုမှာ အခြေခံ မရှိမဖြစ် လိုအပ်တာက အုပ်ချုပ်သူ အစိုးရနဲ့ ပြည်သူလူထု။ နောက် တိုင်းပြည်တခု ဖြစ်သည်ဖို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အရာ။ တနည်းအားဖြင့် အလံ (နိုင်ငံတော် အလံ)။ ဒီတော့ တိုင်းပြည်တိုင်းက ကိုယ့်တိုင်းပြည်ရဲ့ အလံကို အဓိပ္ပါယ် ပြည့်စုံစွာနဲ့ ဖန်တီးခဲ့ကြသည်။ ကျနော်တို့ တိုင်းပြည်လဲ ခုဆို အလံဆိုတဲ့ အရာတခုကို ဖန်တီးလိုက်ပြန်လေပြီ။ တကယ်တမ်း ကျနော်တို့ပြည်သူတွေ လိုအပ်နေတာက မယောင်ရာ ဆီလူးတဲ့ အလုပ်တွေ မဟုတ်။ ကျနော်တို့ ပြည်သူတွေ လိုလားနေတာက တကယ့်ကို တရားမျှတပြီး ပြည်သူတွေ အပေါ်မျှတစွာ အုပ်ချုပ်မဲ့ အစိုးရ တရပ်သာဖြစ်သည်။

ယခု နိုင်ငံအလံအသစ်ကို ကြည့်လိုက်လျှင် ကျနော်တဦးထဲ အမြင်အနေနဲ့ဆိုလျှင် သဘောမကျပါ။ ရင်ထဲက လာတဲ့ ဆန္ဒအရဆိုလျှင် မွေးဖွားခဲ့ကတည်းက ရင်းနှီးခဲ့ရသော ယခင် မဆလခေတ်က အသုံးပြုခဲ့သည် နိုင်ငံအလံကို ကျနော် ပိုမြတ်နိုးသည်။ ပိုအလေးထားပါသည်။ ကျနော်အတွက် ပိုပြီး အဓိပ္ပါယ် ပြည့်စုံသည်ဟု ကျနော် ခံစားရသည်။ အလံတော်သစ် အခမ်းအနားကို မြန်မာရုပ်သံတွေက ပြလိုက်မှ ကျနော်တို့ ပြည်သူတွေ သိရသည်။ သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တွေက လုံးဝမရှိ သိသာသည်။ ပြည်သူအများက မနှစ်သက်လဲ လုပ်ပိုင်ခွင့် ရှိတိုင်းသာ လုပ်ချင်ရာကို ဇွတ်ထိုး လုပ်နေကြသည်။ ဘာနဲ့ တူလဲဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပေသည်။



အောက်ခံ အနီရောင်သည် ရဲရင့်ပြတ်သားခြင်းကို ကိုယ်စားပြုသည်။ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည်ခြင်းကို ကိုယ်စားပြုသည်။ အဖြူရောင်သည် သန့်ရှင်း စင်ကြယ်ခြင်းကို ကိုယ်စားပြုသည်။ ကြယ်ဖြူ ၁၄ လုံးသည် ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ တိုင်းနှင့် ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုသည်။ စပါးနှံ နှင့် စက်သွားသည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်သည့် တောင်သူလယ်သမားများ နှင့် အလုပ်သမားများကို ကိုယ်စားပြုသည်။ဒါသည် ကျနော်တို့ ငယ်စဉ်က သင်ကြားခဲ့ဖူးသည့် နိုင်ငံတော် အလံအဓိပ္ပါယ်။ မဆလ အစိုးရ ကောင်း၏ မကောင်း၏က တပိုင်း။ အလံတော်ကတော့ အဓိပ္ပါယ် အပေါင်းနှင့် ပြည့်စုံပေသည်ဟု ကျနော် အမြင်အရ ခံစားရသည်။


ရှမ်းပြည်နယ် အလံတော်


လက်ရှိ အုပ်ချုပ်သူတို့ ပြောင်းလိုက်သော အလံတော်က ကျနော်တို့ ရှမ်းပြည်နယ်၏ အမျိုးသားအလံတော်နှင့် ချွတ်စွပ်ကို တူနေသည်။ အလယ်တွင် တည်ရှိသော စက်ဝိုင်းနှင့် ကြယ်ဖြူသင်္ကေတသာ ကွာခြားသည်။ ကျနော် အာရုံထဲ တခု ခံစားနေရသည်။ နောင်တချိန် ကျနော်တို့ ရှမ်းပြည်အလံကို နိုင်ငံတော် အလံနှင့် တူလို့ ပြောင်းခိုင်းဦးမလားဆိုသည်ကို........


လက်ရှိ နိုင်ငံတော် အလံအသစ်


ယတြာတွေ အလွန်ယုံကြည်တတ်သော ကျနော်တို့ မြန်မာလူမျိုးတွေ အတွက် အရာရာသည် ယတြာချေမှ၊ ဒါလုပ်မှ ဒါဖြစ်မှာဆိုသည်က များလှပေသည်။ တကယ်တမ်းကျနော်တို့ လိုအပ်နေသည်က ယခုကဲ့သို့ အခြေအမြစ်မရှိသော အရာများမဟုတ်ပါ။ ကျနော်တို့ လိုအပ်နေသည်က တရားမျှတပြီး တိုင်းပြည်အပေါ် တကယ့်ကို ချစ်ပြီး ပြည်သူတွေအကျိုးကို မျှော်ကြည့်ပြီး ဦးစီးလုပ်ဆောင်မဲ့ တိုင်းပြည်ခေါင်းဆောင်တယောက်သာ....


လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့် ရှိပါသည်။



လေးစားလျက်
တောင်ပေါ်သား
Read More

မိုင်တိုင် ၂၆

လူဘဝရဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်တော့ ဘာလိုလိုနဲ့ ၂၆ နှစ်ဆိုတဲ့ အရွယ်အပိုင်းအချာထဲကို ရောက်လာခဲ့ပြန်ပြီ။ တနှစ် တနှစ်ဆိုတဲ့ အချိန်ဟာ ဘာမှ မတိုးတက်လာသေးတဲ့ လူတယောက်အဖို့ ခဏလေးလို့ စိတ်ထဲကနေ တွေးနေမိပြန်တယ်။ လက်ရှိ အခြေအနေကို သေချာ ပြန်သုံးသပ်လိုက်တော့ အရင် တနှစ်နဲ့ ဘာဆို ဘာမှ ထူးခြားလာခဲ့တာ မရှိ။ အရာအားလုံးဟာ မနှစ်ကအတိုင်းလေးပဲ တိုးတက်မှု မရှိ ဆုတ်ယုတ်မှုတွေကသာ များနေခဲ့တယ်။

တခါတလေ လမ်းစပျောက်နေတဲ့ သားကောင်လိုမျိုး စိတ်အလိုက အသားမကျတတ်ပြန်ဘူး။ တကိုယ်ထဲ ဖြတ်သန်းခဲ့တဲ့ နှစ်တွေထဲမှာ ဒီနှစ်ကတော့ မှတ်မှတ်ရရလေးတွေ ကျန်နေခဲ့ဦးမယ်ထင်ပါရဲ့.... ဒီနှစ်ထဲမှာ စာမေးပွဲ တခု ဖြေဖြစ်ခဲ့တယ်။ ဒါက အကျိုးအမြတ်တခု၊ ဒီနှစ်ထဲမှာ အလုပ်က ထင်သလောက် အဆင်မပြေခဲ့ဘူး။ ဒါက ဆုတ်ယုတ်မှု တခု။ ခုထက်ထိလဲ အဆင်မပြေတာတွေကော အဆင်ပြေတာတွေကော အစုံပါပဲ။

ခုဆို အဝေးကနေပဲ လွမ်းပြီး ကြည့်ရဦးမဲ့ တန်ဆောင်တိုင် ပွဲတော် လာတော့မယ်။ ကျနော့် မြို့လေးမှာလဲ ဒီအချိန်ဆို ကလေး၊လူကြီး အားလုံး လိုလို ပျော်ရွှင်နေမဲ့ အချိန်လေးပေါ့။ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လွှတ်တင်ဖို့ မီးပုံးပျံလေးတွေ သူတို့တွေ စုပေါင်းအားနဲ့ အားကြိုးမာန်တက် လုပ်နေကြလောက်ပြီ။ တခါတလေ မပြောပြတတ်အောင် လွမ်းတယ်။ စိတ်ကူးထဲမှာ ကျနော့်မြို့လေးကို မြင်ယောင် တွေးကြည့်နေမိတတ်တယ်။ ခုတလော Social Site တခု ဖြစ်တဲ့ Facebook ကျေးဇူးကြောင့် တောင်ကြီးသား ညီအကိုတွေ တင်ထားတဲ့ မီးပုံးပျံလုပ်နေတဲ့ ပုံတွေ၊ တောင်ကြီးမြို့လေးရဲ့ ရူခင်းဓါတ်ပုံလေးတွေကို မြင်ရတော့ ဝမ်းနည်းဝမ်းသာ ဖြစ်မိပြန်တယ်။

မိသားစုကိုလည်း လွမ်းတယ်။ အမေ့ကို သတိရတယ်။ သတိရတဲ့ အထဲမှာ အမေ့နဲ့ အဒေါ်ချက်တဲ့ ဟင်းအမယ်စုံတွေကိုလဲ သတိရတယ်။ ညီ၊ ညီမလေးတွေကိုလဲ သတိရတယ်... မွေးစလေးကတည်းက ဝေးခဲ့တဲ့ အမွှာ တူနှစ်ကောင်ကိုလဲ ပြန်မြင်ဖူးချင်တယ်။ သူတို့ဆို ကျနော့်ကို ဘယ်မှတ်မိပါ့မလဲ။ ဖုန်းဆက်လိုက်ပြီဆို ဦးလေး ဦးလေးနဲ့ ခေါ်နေပုံက ကျနော့်အသက်က ကြီးလာနေကြောင်း မီးမောင်း ထိုးပြနေသလိုလို.... အသက်တွေ အဖြည်းဖြည်းကြီးလာတဲ့ အမေ့ကို ဘာမှ မယ်မယ်ရရ ထောက်ပံ့မှုတွေ မပေးနိုင်သေးဘူး...... အမေ့တိုက်ကျွေးခဲ့တဲ့ နို့ဖိုးမဆပ်နိုင်သေး.. ဘယ်တော့မှလဲ အကျေ ဆပ်နိုင်လိမ့်မည်မဟုတ်... မိဘမေတ္တာသည် ဘယ်တော့မှ ဆပ်ကုန်နိုင်မည်မဟုတ်.....

စင်ကာပူ ဆိုတဲ့ အတိုင်း ဆင့်ကာပူနေရတဲ့ ဒီနိုင်ငံလေးမှာ တခါတလေတော့လဲ အဝေးကို ထွက်ပြေးချင်သား....... အလုပ်ပြောင်းနေတာ ကုမ္ပဏီ ၅ ခု ရှိပြီ။ အလုပ်က ကြိုက်ပေမဲ့ အစိုးရက Work Permit မချပေးတော့ လက်ရှိအလုပ်လေးမှာပဲ ကပ်နေရပြန်တယ်။ ခုနောက်ပိုင်း စင်ကာပူမှာ အလုပ်တခုရဖို့ အတော်ကို ကြိုးစားနေရသည်။ သူငယ်ချင်းတချို့ အဆင်မပြေ ပြန်သွားကြသည်။ မရှိရှိတာလေး အကုန်ခံပြီး အလည်လာ အလုပ်ရှာကြသူများ ခုတလော မလာတာပိုကောင်းမည်။ ကျနော့် အမြင်ကတော့ လက်ရှိ အခြေအနေအရ မလာစေချင်ကြသေးပါ။

ကြားထဲမှာ စာတွေ ရေးချင်စိတ်မရှိလောက်အောင်ကို ဖြစ်နေတာ.. ဒါပေမဲ့ Blog ဆိုတာကိုတော့ မေ့ထားလို့ မရခဲ့ပါဘူး ကျနော် ချစ်တဲ့ အကိုမောင်နှမတွေရဲ့ စာတွေကို သူတို့မသိပဲ Google Reader လေးထဲကနေ နေ့စဉ် ဖတ်နေရပါတယ်။ ဒီလိုနဲ့ ကျနော့်ရဲ့ Site လေးလဲ လူသူမရှိ ဖုန်ထူနေပြီပေါ့။ ကျနော့် Site လေးကို လာပြီး မေးမြန်းတဲ့ လာရောက်လည်သွားတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူး အထူးတင်ပါတယ်။ အခက်အခဲတွေ ရှိတိုင်း တကယ့် မောင်နှမတွေလို ကူညီကြတဲ့ လူတွေကိုလဲ ကျနော် ကျေးဇူးတကယ် တင်မိပါတယ်။

ယခု အသက် ၂၆ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် တယောက်ထဲ ယခုလို နေရဦးမည်မသိ။ နေခဲ့သည် ဘဝတလျှောက်မှာတော့ အကောင်းလို့ ထင်တာတွေကို လုပ်ခဲ့သည်။ မကောင်းတာတွေလဲ ပါချင်ပါခဲ့မည်။ ကျနော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည့် လူများ၊ စိတ်ဆင်းရဲခဲ့ရသည့် လူများကိုလဲ ကျနော်တောင်းပန်ချင်ပါသည်။ အားလုံးသော ညီအကို မောင်နှမတွေ လိုအပ်ချင်များစွာ ပြည့်စုံပါစေလို့ ကျနော်ဆုတောင်းပေးပါသည်။

တကယ်တော့ ကျနော်တို့အားလုံးသည် ရေကြည်ရာ၊ မြက်နုရာ ရှာဖွေနေကြသော ခေတ္တအသိုက်ပြောင်းလာကြသည့် ငှက်ကလေးတွေသာ.... ရာသီဥတု ဆိုးရွား၍ပဲ ဖြစ်ဖြစ်၊ စားစရာ အဟာရတွေ ကုန်ခမ်းလာ၍ပဲ ဖြစ်ဖြစ် ကျနော်တို့ ဌာနေကို စွန့်ခွာ၍ သူတပါးတွေ နေသည့် အရပ်တခုမှ ခေတ္တခဏ မှီခိုနေသည့် ဆောင်းခိုငှက်လေးတွေ ပမာသာ.... အချိန်တန်လို့ နွေဦးရောက်ပြီးဆိုလျှင်တော့ ကျနော်တို့ ကွန်းခိုရာ သာယာလှပတဲ့ ဌာနေကို အားလုံးပြန်ကြမည်သာ ဖြစ်သည်ဟု ကျနော်ကတော့ ခံယူသည်။ ဒီလို သာယာလှပတဲ့ ကျေးငှက်သံတွေ တွန်ကျူးနေတဲ့ အရပ်လေးကို ကျနော်တို့ မျှော်ကြည့်ရင်း.........

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။


လေးစားလျက်
တောင်ပေါ်သား
Read More

လူပီသမှု

ဒီကမ္ဘာမြေလောကမှာ ဘယ်အရာဟာ အရေးအကြီးဆုံးဆိုတာ လူသားစိတ် ပီသတဲ့ လူတစုက သက်သေပြလိုက်တာကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။ တချို့သော လူတွေက ချမ်းသာပိုင်ဆိုင်မှုကို အရေးပေး သာယာတတ်ကြသလို တချို့ကတော့ သူတို့ရဲ့ တကိုယ်ကောင်း စိတ်ခံစားချက်တွေကို ဦးစားပေး လုပ်ဆောင်တာကို တွေ့မြင်ရတတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကတည်းက မြေအောက် ၂၂၇၅ ပေကျော် (မီတာ ၆၀၀ ကျော်) မိုင်းတွင်း အတွင်း ပိတ်မိနေခဲ့သော ချီလီသတ္တုတွင်း လုပ်သားများ (၃၃) ယောက်ကို လူသားဆန်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

သာမာန်လူတယောက် အနေနဲ့ စဉ်းစားမယ်ဆို ဒါဟာ အလုပ်သမား ဒုက္ခရောက်နေတာကို သူဌေး(ပိုင်ရှင်)က ပြန်ကယ်ရတာဟာ ထုံးစံတခုပါပဲ။ ဒါပေမဲ့ ဒီလူသား ၃၃ ယောက်ကို ကယ်တင်ရာမှာပညာရှင်တွေသာမက နိုင်ငံခေါင်းဆောင်တွေကပါ လူသားချင်း လေးစားမှုကို ပြသခဲ့ကြပါတယ်။ အတော်ကို လေးစား အားကျဖွယ် ကောင်းလှပါတယ်။ ဒီကယ်တင်မှုကို Live အနေနဲ့ ကြည့်နေတဲ့ ကျနော်တောင် ရင်ထဲမှာ မပြောပြတတ်အောင် ကြည်နူးမှုလေးတွေ ဖြစ်ပေါ်နေမိတယ်ဆိုတော့ ၂လကျော် ဝေးကွာနေရတဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစု၊ မိုင်းလုပ်သားတွေရဲ့ စိတ်ဓါတ်ကို ပိုလို့တောင် ကိုယ်ချင်းစာ ခံစားမိပါတယ်။ ကယ်ဆယ်စဉ် အတွင်း နောက်ဆုံး တက်လာတဲ့ မိုင်းလုပ်သမားက အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ လုပ်ဆောင်ချက်တွေကလဲ အတုယူစရာ ကောင်းလှပါတယ်။

[youtube]http://www.youtube.com/watch?v=XGecqHnN2gQ[/youtube]

ဒီလူသားဆန်တဲ့ ကယ်ဆယ်မှုတွေကို ကျနော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို အစားထိုး ခံစားကြည့်နေမိတယ်။ တကယ်၍ ကျနော်တို့ တိုင်းပြည်မှာ ဒီလို ဖြစ်နေခဲ့ရင်ကော ကျနော်တို့ တိုင်းပြည်ရဲ့ တာဝန်ရှိသူတွေက ဒီလို လုပ်ဆောင်ပါ့မလားလို့...... တွေးရင်း တွေးရင်းနဲ့ ဟိုတချိန် နာဂစ်ရဲ့ ရိုက်ခတ်မှုအောက်က မိသားစုတွေ၊ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း...........

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။

……….

လေးစားလျက်

တောင်ပေါ်သား
Read More

အရင်တုန်းက

တခါတလေတော့လဲ ကျနော် တွေးနေမိသား..... ဘာရယ်တော့လဲ မဟုတ် ပျင်းနေရင် တွေးနေမိတာ လူတွေရဲ့ အကျင့်တခုမလား.. ဒီတော့လဲ ကျနော် တွေးမိတယ် (ဆိုလိုချင်တာက အပျင်းကြီးနေတယ်) ကျနော်တို့လို လူတွေအနေနဲ့ ခင်မင်စရာ တွယ်တာစရာလေးတွေကို ခုံမင်တတ်ကြတာပဲ။ မိသားစုနဲ့ ဝေးနေရတော့လဲ တခါတလေ မိသားစုကိုလွမ်းမိကြတယ်။ မိဘ၊ဆွေမျိုးတွေကို လွမ်းတတ်ကြမယ်..... သူငယ်ချင်း အပေါင်းအသင်းတွေကို သတိရတတ်ကြမယ်.... ကျနော်တို့တွေ ဒီလို အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရတာတွေ ထိုက်တန်တဲ့ ရလာဒ်တွေကော ရခဲ့ကြသလား....... သေချာစဉ်းစားကြည့်မိတော့ ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်ခဲ့တော့ပေ.......

အရင်တုန်းက ပိုးသားလို ဖြူတဲ့ အမေ့လက်ပေါ်မှာ ကျနော် ကြီးပြင်းလာခဲ့တယ်... ခုတော့ ကျနော် ပိုးသားလို လိုက် မဖြူနိုင်တော့ပေ.....

အရင်တုန်းက ကျနော် သူငယ်ချင်းတွေကို တွယ်တာတတ်တယ်... ခုတော့ ကျနော် သူငယ်ချင်းတွေကို မေ့နေတတ်ပြီ........

အရင်တုန်းက ကျနော် မိသားစုကို ခင်တွယ် မြတ်နိုးတယ်... ခုတော့ ကျနော် တယောက်ထဲ နေတတ်ခဲ့ပြီ.........

အရင်တုန်းက အထိုက်အလျောက် ဖြူစင်ခဲ့ဖူးတယ်... ခုတော့ ကျနော် အစွန်းအထင်းတွေ များခဲ့ပြီ...........

အရင်တုန်းက ကျနော် ရိုးသားခဲ့ဖူးတယ်....... ခုတော့ ကျနော် လိမ်တတ်ခဲ့ပြီ............

အရင်တုန်းက ကျနော် ပွင့်လင်းစွာ ပြောဆိုဖူးခဲ့သည်...... ခုကျနော် ပါးစပ်တွေ နှုတ်ဆိတ်နေတတ်ခဲ့ပြီ……..

အရင်တုန်းက အမှားတွေ နဲခဲ့တယ်…… ခုတော့ ကျနော် အမှားများနဲ့ လူတယောက် ဖြစ်နေပြီ……..

အရင်တုန်းက အမှားသိရင် ရှောင်ခဲ့ဖူးတယ်…. ခုတော့ ကျနော် အမှားကို သိရက်နဲ့ ထပ်တိုးနေမိပြီ…..

ခုနေများ အရင်တုန်းက မိတ်ဆွေ၊ သူငယ်ချင်းတွေ များတွေ့ရင် သူတို့ ရင်ထဲက ထွက်လာမဲ့ စကားလေး တခုကို ကျနော် ကြိုခန့်မှန်းတတ်ခဲ့ပါပြီ။

သြော်…. ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်တော့ပါ့လား……………………….

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။

..........

လေးစားလျက်

တောင်ပေါ်သား
Read More

မိတ်ဆွေ

မိတ်ဆွေ၊ အပေါင်းအသင်း စတာတွေက လူတယောက်ရဲ့ ဘဝမှာ ဘယ်လောက်ထိ အရေးပါနိုင်ပါသလဲ .. ဘယ်အတိုင်းအတာတခုထိ ဖြည့်ဆည်းပေးနိုင်ပါမည်လဲ။ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းက ပတ်ဝန်းကျင် အသိုင်းအဝန်းကြားမှာ ကြီးပြင်း ပေါက်ဖွားလာခဲ့ရတာတွေချည်း မဟုတ်ပါသလား။ ဒီတော့ ကျနော်တို့ အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုသည်မှာ ကင်းကွာလို့မရ .. ဒါတွေကို မျက်စိစုံမှိတ်ပြီး လူ့လောကမှာ တယောက်ထဲ ရပ်တည်နေနိုင်ဖို့ ဆိုတာကကော ဖြစ်နိုင်ပါမည်လား။ ကျနော်တို့ရဲ့ မိသားစု အသိုင်းအဝန်း ဆိုသည်မှာ လောကကြီးအတွင်း လူသားချင်း ဘယ်လို ဆက်ဆံ ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာတွေသာ)

သတ္တဝါ (လူ၊တိရစ္ဆာန်) လို့ ဆိုလိုက်တာနဲ့ သူတို့ ကျင်လည်နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး အကောင်း၊ အဆိုးရှိသည်။ အယဉ် အရိုင်း ရှိသည်။ ဥာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်လိုမျိုး ရှိသလို ကျနော်တို့ လူသားတွေထဲမှာလဲ ဥာဏ်ရည်မြင့်သည့် လူတွေ ရှိသလို၊ ဥာဏ်ရည် မမြင့်တဲ့ လူသတ္တဝါ လူအန္ဓ တွေလဲ တပုံတပင် ရှိနေပေလိမ့်မည်။ အခြေခံ အကျဆုံး အချက်ကတော့ ဘယ်လောက်ပဲ ဥာဏ်ရည်၊ ဥာဏ်သွေး မြင့်မားနေပါစေ၊ နိမ့်ကျနေပါစေ ကျနော်တို့တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းကတော့ ရှိရစမြဲပင်။ ကျနော်တို့ ဘာသာတရားတိုင်းလိုလိုတွင် ရှိနေသည့် အချက်က လူလောကဆိုသည်မှာ တကယ်တော့ ခဏတာအချိန်လေး တခုအတွင်းသာ ဖြစ်သည်မဟုတ်ပါလော့။ ဤခဏတာ လူဖြစ်ရသည့်အချိန်လေးထဲမှာ ကျနော်တို့ အချင်းချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရင်ဖြင့် ကျနော်တို့ စိတ်ကျေနပ် ပျော်ရွှင်မှုတွေနဲ့ ပျော်ရွှင်စရာ အရသာကို ခံစားရပေမည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့လျှင်လဲ စိတ်ဖြူစင် သန့်ရှင်းစွာဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်လမ်းခွဲတတ်ဖို့က အရေးကြီးပေသည်။ တဦးနှင့် တဦး စတင် တွေ့ဆုံခင်မင်ရခြင်းသည် တနေ့ခွဲရဖို့ပင်။ ဒီအချက်သည် သေချာသော လောကနိယာမ တခုဟု ကျနော် ယူဆမိပါသည်။

ကျနော်သည် လူတယောက် ဖြစ်သည့်အလျှောက် လူတယောက်မှာ ရှိသင့်သည့် စိတ်ခံစားချက် ရှိပေသည်။ တခါတရံ ကျနော် စိတ်တိုတတ်သည်၊ ကျနော် မရင့်ကျက်သည့် အရာတွေလဲ အများအပြားပင်ဖြစ်သည်။ ဟိုငယ်စဉ်တုန်းကဆို ကျနော်တို့ သူငယ်ချင်းတွေ ကစားစဉ် အချင်းချင်း စကားနိုင်လုပြီး ရန်ဖြစ်တတ်ကြသည်။ ပြီးလျှင် ကျနော်တို့ စကားမပြောကြတော့ ဒါပေမဲ့ ဒါတွေသည် အချိန်အများကြီးမဟုတ် ကျနော်တို့ သူငယ်ချင်းတွေ စကားမပြောလျှင် အလွန်ဆုံး တပတ်ပေါ့ ပြီးလျှင် တူတူကစား ပျော်ပါးပြီး အငြိုးအတေး ကင်းကင်းနှင့် လက်တွဲတွေ မဖြုတ်ပဲ တွဲလက်တွေ ညီခဲ့ကြသည်သာ။ ထိုစဉ် ကလေးဘဝက ရန်ဖြစ်ရခြင်းအကြောင်းများက မိမိက သူများထက် သာချင်၍ ဖြစ်စေ၊ မိမိကို သူများက ပို၍ ဦးစားပေးခံချင်၍ ဖြစ်သည်က များသည်။ ဒါပေမဲ့ ကလေးဘဝက အရာရာသည် အဖြူထည် သက်သက်သာ။ ကျနော်တို့တွင် အငြိုးအတေး အာဃာတဆိုတာ မရှိခဲ့။ အရိုးခံ ဖြူစင်ခဲ့ကြသည်သာ ဖြစ်သည်။

အရွယ်ရောက်လာတော့ ကျနော်တို့ စိတ်တွေ ပြောင်းလဲတတ်ခဲ့သည်။ ပတ်ဝန်းကျင်ကို လိုက်၍ အမူအကျင့်တွေ ပြောင်းလဲတတ်ခဲ့သည်။ (ကျေးညီနောင် ပုံပြင်လိုပေါ့။) ကြီးပြင်းရာ ပတ်ဝန်းကျင်ကို လိုက်၍ ဖြူစင်ရိုးသားခဲ့သော စိတ်တို့သည် အရောင်မျိုးစုံ စွန်းထင်းခဲ့သည်။ ကျနော်တို့ စိတ်အလိုကို လိုက်ပြီး မှားယွင်းခဲ့ကြဖူးသည်။ အတွင်းစိတ် အေးချမ်းဖို့ထက် အပေါ်ယံ သာယာမှုတွေအပေါ်ကို ပိုမိုခုံမင်ခဲ့ကြသည်။ အပေါင်းအသင်းတွေ ပေါင်းစုံ ပေါင်းတတ်ခဲ့ကြသည်။ အပြုသဘောဆောင်ပြီး ကျနော်တို့ ခင်မင်ခဲ့ကြသည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့ရသော် ကျနော်တို့ ငယ်စဉ်ကလေးဘဝကလို စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပြန်သည်။ ဒါပေမဲ့ ကျနော်တို့ မဖြူစင်ခဲ့ကြတော့ ကျနော်တို့ ရင်ထဲမှာ မဖော်ပြနိုင်တဲ့ မီးတောက်ကလေးတွေ လောင်ကျွမ်းခဲ့ရလေပြီ။ သေချာပြန်စဉ်းစားကြည့်ရင် ဆုံးရှုံးခဲ့ရသော အဖြစ်အတွက် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ ကျနော်တို့ ဆုံးရှုံးခြင်းသည် တခု မကခဲ့ပေ .. သူငယ်ချင်း ချစ်ခြင်းတရားများ ယုံကြည်မှုများ ပျော်ရွှင်မှုများ ကုန်လွန်ခဲ့သော အချိန်များ .. များစွာပင် ..

အသက်ရှင်နေသရွေ့ မလွဲမသွေ ဆုံတွေ့ခြင်း ကွဲကွာခြင်းပေါင်းများစွာ ဆုံတွေ့နည်း ကွဲကွာနည်းမျိုးပေါင်းစုံနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရလိမ့်ဦးမည် .. ထိုအတွက် ကျနော်တို့ တုန်လှုပ်ကြမည်လား .. အေးအေးသက်သာ ကြည်ကြည်သာသာနှင့် အပြုံးများနဲ့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်ကြမည်လား ..

လူသားအားလုံးသည် ပျော်ရွှင်စွာဖြင့်နဲ့ လမ်းခွဲခြင်းကို ပိုမိုမြတ်နိုးမည် မျှော်လင့်သည် .. အသင်ဆိုလျှင်ကော..........

.........

..........................

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့် ရှိသည်။

လေးစားလျက်

တောင်ပေါ်သား
Read More

ကျနော် ငပျင်း

ခုတလော အလုပ်တွေကများပြီး ပိုစ့်တွေတောင် မရေးဖြစ်တာကြာပါပြီ။ ပြောတဲ့လူများလာလို့ ကိုယ့် site လေးကို ဖုန်ခါတယ် ပြောပြော စိတ်ကူးတဲ့ရာ လုပ်တယ်ပဲ ပြောပြော တင်ချင်တာ တင်လိုက်ပါတယ်။ ခုတလော အလုပ်ကလေးကလဲ သိပ်အဆင်မပြေချင်တော့ အလုပ်ကို အကြောင်းပြလို့ စာမရေးဖြစ်တာ ကြာပါပြီ။ တကယ်ကတော့ အပျင်းကြီးနေတာပါ။ အပျင်းက ဘယ်လောက်ကြီးသလဲဆို ခုရက်ပိုင်း ခွင့်ယူတဲ့ ရက်တွေများနေတာ ကိုယ်တိုင်ပဲ သိတယ်။ အရင်တုန်းက ယူလို့ မရခဲ့တဲ့ ရက်တွေ တဝကြီး အစားထိုးယူနေတာပါ။ တနေ့တနေ့ ယူထားတဲ့ ရက်တွေ ဘာလုပ်မိသလဲ အားနေရင် Movies တွေကြည့်သည်။ Game ကစားသည်။ Facebook ဆိုတာဝင်သည်။ ကျောင်းကလဲ ၂ ပတ် ပိတ်ထားပေးပါသည်။ ဒီတော့ ကျောင်းသား လုပ်နေပေမဲ့ ကျောင်းစာ လေ့လာဖြစ်သလားဆိုတော့လဲ မလေ့လာဖြစ်ပါ။ ကျနော် အပျင်း ကြီးနေသည်။

တခါတလေတော့လဲ စဉ်းစားမိတယ်။ လူ့လောကကြီးမှာ အရာရာ ပြည့်စုံနေရင်လဲ မကောင်းဘူး၊ အရာရာ ချို့ယွင်းနေရင်းလဲ မကောင်းဘူးလို့။ ချို့တဲ့ခြင်းကို အဓိက ပြောချင်တာက လူတယောက်ရဲ့ အပြင်ပန်းထက် အတွင်းစိတ်တွေကိုပါ။ အရာရာကို ငါ တလုံးပဲ ကိုင်စွဲတော့လဲ မှန်နေတာတွေတောင် မှားနေတယ်လို့ အမြင်တွေက ရောက်သွားတတ်တာကိုး။ ချစ်ရသူက ပြောတယ် ဘုရားသခင်က ဘာလို့ ကောင်းတာတွေပဲ မပေးတာတုန်းတဲ့။ တကယ်လို့ ဆုတောင်းတိုင်းတာ ကျနော်တို့ကို ဘုရားသခင်က ပြည့်စုံအောင် ပေးနေမယ်ဆိုရင် ကျနော်တို့လို လူမိုက်တွေ ဘုရားသခင်ကိုမေ့လျှော့လို့ နေတော့မှာပေါ့။ လုံ့လ ၊ ဝီရိယ မပါပဲ ဘယ်အရာမှ မအောင်မြင်တတ်ပါဘူး။ ဘယ်အရာမဆို ပြုသူ၊ အပြုခံသူ၊ အကျိုးနဲ့အကြောင်း ရှိစမြဲပါပဲ။ ခုလို အချိန်မျိုးမှာ ကိုယ့်ဟာကိုယ် တွေးနေမိတယ်။ ဟိုအရင် ဒီရောက်တုန်းကလို စိတ်တွေလဲ တဖြည်းဖြည်းလုံးပါး ပါးလာခဲ့ပါလားလို့ပေါ့။ အရင်လို ကြိုးစားချင်စိတ်တွေ ပျောက်နေတယ်။  မနက်စောစော ထရမှာ အပျင်းကြီးနေတယ်။ တိုးတက်နေတဲ့ တိုင်းပြည်ကြီးမှာ အမီလိုက်နိုင်အောင် ကြိုးစားချင်ရင်တော့ လူတိုင်းနဲ့ တန်းတူ လိုက်လုပ်ရမှာပါပဲ။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။

လက်ရှိ ကမ္ဘာဖလား ဘောလုံးပွဲတွေကလဲ လာနေတော့ ည ညဆို မအိပ်ဖြစ်ဘူး။ အခုတောင် မနက်ဖြန် ခွင့်ယူထားတယ်။ ညဥ့်နက် လာမဲ့ ဘောလုံးပွဲကြည့်ဖို့ စောင့်ရင်း ပျင်းနေတာနဲ့ စိတ်ကူးထဲ ရှိတာတွေ ကျနော် ရေးနေမိတာပါ။ အဲ့လို အပျင်းကြီးနေတာပါ။ တခါတလေတော့လဲ စိတ်ကူးတိုင်း ဖြစ်တာမှ မဟုတ်တာ။ ဟုတ်တယ်မလား ဒီတော့ ဖြစ်တဲ့ အတိုင်းလေး မျောလိုက်သွားနေမိတာ ခုတော့ အပျင်းရောဂါပါ စွဲကပ်နေပါပြီ။ ဘယ်အရာမဆို လိုချင်ရင်တော့ အချိန် ဒါမှမဟုတ် တခုခုကို မဖြစ်မနေ စတေးခံရမှာပဲလေ။ ဘဝမှာ စိတ်ဓါတ်တွေ ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရာရာဟာ ကိုယ်လုပ်ရင် ဖြစ်လာမှာပဲ မဟုတ်လား ဒီတော့ ခုမဖြစ်ရင်တောင် တချိန်တော့ ဖြစ်လာမှာပဲ ဆိုတဲ့ စိတ်နဲ့ ကြိုးစားကြည့်လိုက်ရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး။ မြန်မာစကားလေး ရှိတယ်မလား ကြိုးစားရင်း ဘုရားတောင် ဖြစ်နိုင်သေးတာပဲ။ စိတ်ကလေး နဲနဲထည့်ပြီး ကျနော်လုပ်ကြည့်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။

လူ့လောကမှာ တယောက်ထဲ ရုန်းကန်ဖို့ဆိုတာ အတော်ကို လွယ်ကူပါတယ်။ နေစရာ ၊ စားစရာလေးနဲနဲ ရှိရင် နေတတ်မယ်ဆိုရင် တယောက်ထဲ နေလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ နောက်မှာ မမြင်ရတဲ့ အရာပေါင်းများစွာ လွှမ်းခြုံထားတတ်ကြပါတယ်။ အချို့က မိသားစုဘဝ၊ တချို့က အိမ်ထောင်သည် ဘဝ။ သားသမီး ရတနာတွေကို ကျနော်တို့ ဘယ်လို ပြုစုပျိုးထောင်မှာလဲ။ ကျနော် ဒီမလာခင်တုန်းက ဦးလေးက စကားလေး တခွန်းမှာလိုက်ပါတယ်။

[stextbox id="grey"]ဘဝတခုကို တည်ဆောက်တော့မယ် ဒါမှမဟုတ် ကိုယ့်ဘဝကို ကိုယ်တိုင် ကြိုးစား ဖြတ်သန်းတော့မယ်ဆိုရင် ကိုယ့်ဘဝ တခုထဲကို မကြည့်နဲ့တဲ့၊ ကိုယ့်ရဲ့ နောက်မှာ ရပ်တည်နေတဲ့၊ ဖြစ်တည်လာမဲ့ အသက်ပေါင်းများစွာ ရှိနေတယ်တဲ့။[/stextbox]

သူတို့အတွက်ဆိုပြီး ကျနော်တို့ ရည်မှန်းကြိုးစားရင် အောင်မြင်မှုဆိုတာ မကြာပါဘူး ရရှိလာမှာပါပဲ။ ခုတလော ဦးလေး စကားလေးတွေ ပြန်ကြားယောင်နေမိတယ်။ ဟုတ်တယ် ကျနော် တယောက်ထဲ ကိုယ့်ဘဝတခုထဲ ကိုယ်ကြည့်နေမယ်ဆို လိုအပ်တာတွေထက် ပိုနေတာကများနေပြီ။ ဒါပေမဲ့ နောင် ဖြစ်လာမဲ့ မျိုးဆက်၊ သားသမီးတွေအတွက် ပြန်တွေးကြည့်လိုက်တော့ ကျနော် လုပ်နိုင်ခဲ့တာ ဘာရှိလို့တုန်း။ ကျနော်  ကြိုးစားဖို့ လိုနေပါသေးတယ်။ ကျနော် အစွမ်းအစတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျနော် ပျင်းနေသည်။ တခုခု လုပ်တော့မယ်ဆို မဖြစ်နိုင်ဘူးဆိုပြီး ကျနော် တွေးတတ်နေပြီ။ တကယ့်ကို  ကျနော် အသုံးမကျတဲ့ လူတယောက်လို ဖြစ်နေတော့သည်။ ကျနော် ပျင်းနေပါသည်။

ဘာပဲ ပြောပြော ကျနော် အပျင်းကြီးနေတာတွေကို ကျနော် ကိုယ့်ဘာသာကိုယ် နှစ်သိမ့်နေမိတာပါ။ ဒါမှလဲ ကျနော် ပျင်းနေတာ လူတွေသိလို့ ကျနော် ရှက်တတ်လာမှာပေါ့။ ကျနော်လိုပဲ စာဖတ်သူတွေလဲ အပျင်းကြီးနေမယ်ဆို ခု ပြင်လိုက်ကြရင် မကောင်းဘူးလားဗျာ..... တကယ်တော့ အပျင်းကြီးတယ်ဆိုတာ ရှက်စရာ အလွန်ကောင်းဆိုပဲဗျ အပျင်းကြီးသူများ အဖွဲ့ကတော့ [stextbox id="info"]အပျင်းကြီးတယ်ဆိုတာ နာမည်သာ ဆိုးတာတဲ့ လူသက်သာတယ်[/stextbox] ဆိုပဲ။ ခုတော့ ကျနော် လူမသက်သာတဲ့ အပြင် အိပ်နေလိုက်တာ နေ့၊ညတွေ လွဲလို့ အလုပ်လဲ မသွားနိုင်ပါဘူးဗျာ၊ လူက မနက်စောစော မထတော့ ခေါင်းတွေလဲ ကိုက်၊ အုံမှိုင်းပြီး အပျင်းတွေကတက်လိုက်နဲ့ တကယ့်ကိုပါပဲ ကျနော် တကယ် အပျင်းကြီးနေပါသည်။

လူသားတိုင်း လွတ်လပ်စွာ ငြင်းဆိုခွင့်၊ ပြောဆိုခွင့် ရှိပါသည်။

လေးစားလျက်

တောင်ပေါ်သား
Read More